ဒီနေ့ စောစောစီးစီးပဲ ရုံးကနေ ပြန်ရောက်တယ်… အိမ်အလုပ်ကလည်း ထွေထွေထူးထူး လုပ်စရာမရှိဘူး… စာအုပ်ဖတ်တာပဲ ကောင်းပါတယ်ဆိုတဲ့ စိတ်ကူးနဲ့ မနေ့ညက လက်စမသတ်လိုက်နိုင်တဲ့ စာအုပ်လေးကောက်ကိုင်ပြီး အိမ်ရှေ့ဒန်းဘက်ထွက်လာခဲ့တယ်… နေ့ခင်းက ရွာထားတဲ့ မိုးကြောင့် ဒန်းက ရေနည်းနည်းတော့ စိုနေတယ်… အိမ်ထဲပြန်ဝင်ပြီး အ၀တ်စုတ် ပြန်ယူရမှာလည်း ပျင်းတာနဲ့ ဒီတိုင်းပဲ ထိုင်ချလိုက်တယ်… နည်းနည်းပဲ စိုတာပဲ ကိစ္စမရှိပေါင်… စာအုပ်ကိုလည်း ဟုတ်တိပတ်တိ ဖတ်ချင်စိတ်က မရှိလှသေးတာနဲ့ ဟိုငေးဒီငေးငေးရင်း ဘာရယ်မဟုတ် ကောင်းကင်ကြီးကို မော့ကြည့်မိသွားတယ်… အဟား.. ကောင်းကင်ကြီးက ကြည်လင်လှပနေလိုက်တာများ နေ့ခင်းက သည်းကြီးမည်းကြီး မိုးတွေ ရွာချခဲ့တာ သူမဟုတ်တဲ့အတိုင်း… အဲဒါကြောင့်ပြောတာ ကောင်းကင်ကြီးက မာယာများပါတယ် လို့….
“မဟုတ်ပါဘူး ၊ မိုးတိမ်တွေက အပူချိန်ကြောင့် ရေတွေဖြစ်ပြီး ပြန်ကျလာတာ ၊ ကောင်းကင်ကြီးနဲ့ ဘာမှ မဆိုင်ဘူး”
“မဆိုင်ဘူးလို့တော့ မပြောပါနဲ့ ၊ မိုးတိမ်ဆိုတာ ကောင်းကင်ပေါ်မှာ မှီတင်းနေထိုင်ရတာပါ ၊ ဟုတ်တတယ်မလား”
“အေးပေါ့ ၊ မိုးတိမ်ဆိုတာ ကောင်းကင်ကြီးရဲ့ သားသမီးလေးတွေပေါ့”
“အဲဒါကြောင့်ပြောတာပေါ့ ၊ သားသမီးမကောင်း မိဘခေါင်းပါလို့”
“မှားပါတယ် အမတော်ရယ် ၊ ကျွန်မမျိုးကြီးသေသင့်ပါတယ်”
ဟာ ဟ ၊ ကောင်းကင်ကြီးနဲ့ ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်နဲ့ စကားနိုင်လုခဲ့တာလေးပေါ့… ခုချိန်မှာတော့ ကောင်းကင်ကြီး မာယာများလား မများလား မငြင်းချင်တော့သလို စွပ်လည်းမစွပ်စွဲချင်တော့ပါဘူး … သဘာဝဟာ သဘာဝပဲပေါ့…. ကောင်းကင်ကြီးကို ဆက်ကြည့်နေမိတယ်… ကြည့်ရင်းကြည့်ရင်း စိတ်ထဲမှာ တစ်ခုခုမှားသလို ခံစားလိုက်ရတယ်… ဘာမှားနေတာပါလိမ့် … သြော် ၊ သိပြီ ၊ အရောင် ၊ ကောင်းကင်ရဲ့ တကယ့်အရောင်နဲ့ ကွန်ပျူတာမှာ သုံးနေတဲ့ skyblue ဆိုတဲ့ အရောင်နဲ့က တကယ့်တကယ် တူမှ မတူတာ… ကွန်ပျူတာမှာ သုံးတဲ့ အရောင်က ကြည်ပြာရောင်ပေါက်ပြီး တကယ့်ကောင်းကင်အရောင်က အပြာဘက်စွက်တယ်… တကယ့်ကောင်းကင်အရောင်လည်း မဟုတ်ဘဲနဲ့ ဘာလို့များ skyblue လို့နာမည်ပေးထားတာပါလိမ့်… ထားလိုက်ပါတော့ … မတူလို့ မကြိုက်ဘူးဆိုရင်လည်း မသုံးဘဲ နေလိုက်ရုံရှိတာပေါ့… ဒါနဲ့ ဟိုးနားက အဖြူစက်လေးတွေက ဘာလေးတွေပါလိမ့်… တစ်စက် ၊ နှစ်စက် ၊ သုံးစက်… မဟုတ်သေးဘူး… တစ်ပွင့် ၊ နှစ်ပွင့် ၊ သုံးပွင့် …. ကြယ်လေးတွေတောင် ထွက်လာပြီပဲ… ပြာလဲ့လဲ့ကောင်းကင်မှာ ကြယ်လေးတွေ ထွက်လာတာကို ကြည့်ရတာ အရသာရှိလိုက်တာ… ကောင်ကင်ကြီးရဲ့ အလှအပကို မခံစားရတာ တော်တော်ကြာနေပြီလို့ ကိုယ့်ကိုယ်ကို သတိထားမိနေတုန်း… အညိုရောင် အစိုင်အခဲကြီးတစ်ခု မျက်စိရှေ့က ဖြတ်သွားတယ်… သူ့အနားတွေကလည်း မသေမသပ် ဖွာတာတာနဲ့ ရုပ်ဆိုးလိုက်တာ… ဒီကောင်တွေသာများလာရင် ကြယ်တွေကို မြင်ရတော့မှာ မဟုတ်ဘူး… ဒီမိုးတိမ်တွေကြောင့် ကောင်းကင်ကြီးအလှ ပျက်ရချည့်…
“သွား … သွား ၊ ဒီမှာ ကောင်းကင်ကြီးနဲ့ ကြယ်လေးတွေနဲ့ ပနံသင့်နေတာကို ဘာလာဖျက်ဆီးမလို့လဲ ၊ မြန်မြန်ထွက်သွား”
ကျနော် စိတ်ထဲကနေ လှမ်းပြီး မောင်းထုတ်ပစ်လိုက်တယ်… ကျနော့်အော်သံကို သူတို့ကြားသွားတယ်ထင်တယ် … ကျနော့်ကို ရန်တွေ့မယ့် ပုံစံနဲ့ ဒေါသတကြီးနိမ့်ဆင်းလာတယ်… လာပါစေဦး ဆိုပြီး ကျနော်ကလည်း ကျနော့်ဒေါသတွေကို အရှိန်မြှင့်လိုက်တယ်… သူတို့ကလည်း ကျနော့်ကို မိုးရေတွေနဲ့ မျှောပစ်မယ်လို့များ စိတ်ကူးလား မသိဘူး… တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ကို ရွာချပစ်လိုက်တယ်… အံမယ် ၊ ဒီလောက်ကတော့ ပျင်းတောင် ပျင်းသေးတယ်… မင်းတို့ကပဲ ရွာနိုင်မလား ၊ ငါကပဲ အစိုခံနိုင်မလား….
“မိုးရွာနေတာကို ဘာလုပ်နေတာလဲ ၊ အထဲဝင်တော့လေ”
အဲတော် အမေလှမ်းခေါ်နေပြီ … ခု နေအိမ်ထဲဝင်လိုက်ရင် သူတို့ကို အရှုံးပေးသလိုဖြစ်သွားမှာပေါ့… မ၀င်ချင်ပါဘူး… ဒါပေမယ့် အမေကလည်း လှမ်းခေါ်နေပြီဆိုတော့ မ၀င်လို့ကလည်း မရ… ဒီတော့ … မိုးတိမ်တွေရေ… မင်းတို့နဲ့ နောက်မှ စာရင်းဆက်ရှင်းမယ်… အကြွေးမှတ်ထားလိုက်…။
မေကျော်
Aug 31 2009
11:45pm